Saturday, August 1, 2009

မေမဒီအင်ပါယာနှင့် Medusa (၁)

ကျွန်မသည် Medusa ခေါ် ဂရိဒဏ္ဍာရီလာ နတ်ဆိုးမအကြောင်းကို ဖော်ပြခဲ့ ပြီးဖြစ်သည်။ ယခုတင်ပြမည့် Medusa သည်ထိုနတ်ဆိုးမ မဟုတ်၊ age of emperor game မှ cheat code သာဖြစ်သည်။


လွန်ခဲ့သော ၇ နှစ်ခန့် ၂၀၀၂ လောက်က ကျွန်မသည် age of emperor game ကိုစွဲစွဲ လန်းလန်း ကစားခဲ့ဘူးသည်။ ကျွန်မအခန်းဖော်သည် ကျွန်မ၏ကွန်ပျူတာတွင် age of emperor ကိုတင်ပေးသည်။ ကျွန်မကွန်ပျူတာသည် အကောင်းစားမဟုတ်ပါ။ ကျောင်းမှ ကွန်ပျူတာခန်းများ တွင်အလွန်ဟောင်းနွမ်းသဖြင့် လွှင့်ပစ်မည့်အစားကျောင်းသား များကိုအထူးလျှော့ဈေးဖြင့် ရောင်းချပေးသောကွန်ပျူတာသာဖြစ်သည်။ CPU & Computer စုစုပေါင်း စင်ကာပူဒေါ်လာ၈၀ သာကျသည်။


ကျွန်မအခုတင်ပြချင်သည်မှာ ကျွန်မ၏ကွန်ပျူတာအကြောင်းမဟုတ်ပါ။ age of emperor game ဖြစ်ပါသည်။ age of emperor game တွင် ကစားသူသည်ခေတ်အဆက်ဆက် နိုင်ငံတနိုင်ငံ ကိုထူထောင်ခြင်းဖြစ်သည်။ ကစားသူသည် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး ၊ ဆောက်လုပ်ရေး နှင့် ကာကွယ်ရေး အစရှိသည် တို့ကိုစီမံ ခန့်ခွဲရသည်။ သတ်မှတ်ထားသော ရမှတ်များရလျှင် ပိုမိုအဆင့်မြင့်သော ခေတ်တခေတ်ကို ရောက်သည်။ ထို့ကြောင့်ကစားသူသည် နိုင်ငံအုပ်ချုပ်ရာတွင် အေ၇းပါသူဖြစ်သည်။


ထိုအချိန်တွင် စင်္ကာပူတွင် အင်တာနက်များကို အခုလောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုသေးပါ။ ကျွန်မသည် အွန်လိုင်းပေါ်တွင်ကစားခြင်းမဟုတ်၊ မေမဒီ အင်ပါယာ ၏ ပြိုင်ဘက်မှာ ကွန်ပျူတာ သာဖြစ်သည်။


ပထမနေ့ မေမဒီအင်ပါယာ

ဘုရင်မလောင်းမေမဒီသည် ကစား ပုံကစားနည်းကို လေ့လာသည်။ အဲ မှားလို့။ တိုင်းပြည်ထူထောင်ပုံ ထူထောင်နည်းကိုလေ့လာသည်။ ကီးများကိုမှတ်သည်။ စစချင်းလူများကို မွေးထုတ်လိုက်သည်။ ထို့နောက်သစ်တောများ ကိုခုတ်ခိုင်းသည်။ ရွှေတွင်းများကို တူးခိုင်းသည်။ ရသည့် ငွေများဖြင့် စစ်တပ်ကိုထူထောင်သည်။ အိမ်များ ၊မြို့တံတိုင်းများ ဆောက်သည်။ ဘုရင်မဖြစ်စမေမဒီသည် သူမ၏ နိုင်ငံကြီး တိုးတက်လာ တာကိုကြည့်၍ တော်တော်ပီတိ ဖြစ် နေသည်။ ဘုရင်မခမျာကြာကြာ ပီတိ မဖြစ်လိုက်ရရှာပါ။ မေမဒီ၏ပြိုင်ဘက် ကွန်ပျူတာသည် ဘုရင်မလောက်တော့ အပျော့ပေါ့။ အတွေ့အကြုံမရှိသောဘုရင်မသည် သူမ တိုင်းပြည်ကြီးကိုသာ တိုးတက်အောင် အာရုံစိုက်နေ သဖြင့် ပြိုင်ဘက် နိုင်ငံ၏ တိုးတက်မှုကို သတိမမူခဲ့။ တဘက်နိုင်ငံသည် မေမဒီအင်ပါယာထက် ခေတ်တခေတ်သာ နေသည်။ သူ၏စစ်တပ်သည် မေမဒီအင်ပါယာံ၏ စစ်တပ်ထက်သာလွန် ကောင်းမွန်ကြောင်းကို ကျူးကျော်ဝင်ရောက် လာမှသာသိတော့ သည်။


ရန်သူသည် မေမဒီအင်ပါယာ၏မြို့တံတိုင်းကို ချိုးဖောက်ဝင်ရောက်လာသည်။ မေမဒီအင်ပါယာ၏ စစ်တပ်ကစင့်ကလျား ဖြစ်ကုန်သည်။ ပြည်သူတွေသည်ဘာမှမသိ သေကုန်သည်။ စစ်သားတို့ကိုထပ်မ ထုတ်နိုင်။ စစ်ကိုသာမဲတိုက်နေ၍ ပြည်သူတွေကို အလုပ်လုပ်ခိုင်း ဖို့မေ့နေသည်။ အလုပ်အမားများသည် သစ်ခုတ်၍်ကုန်ဆုံးကာ လွင်ပြင်ဖြစ်နေသောနေရာများ တွင်လည်းကောင်း၊ ဘာမှမရှိတော့သော ရွှေတွင်းဟောင်းများတွင် တစုတစုသော်လည်းကောင်းထိုင်သူထိုင်၊ ထသူထဖြင့် ဘာမှမလုပ်ကြပါ။ ရန်သူစစ်တပ် နှင့်တွေ့သူများက သေဆုံးကုန်ကြသည်။ ထို့ကြောင့် တိုင်းပြည်တွင် ဘဏ္ဍာမရှိ။ ပြန်တိုက်ထုတ်ရန် စစ်သားများကို မွေးထုတ်မပေးနိုင်တော့။ တံတိုင်းပြန်တည်ဆောက်ရန်လည်း ဘဏ္ဍာမရှိ။ ရန်သူဘုန်းကြီး၏ သွေးဆောင်မှုအောက်တွင် ကျွန်မ၏စစ်သားများသည် ရန်သူများဖြစ်ကုန်ကြ၍ မေမဒီအင်ပါယာမှပြည်သူတို့သည် ရန်သူ့ဘက်ပါကုန်သည်။


ဘုရင်မကြီး၏ mouse ကိုင်ထားသောလက်များ အံသေကုန်ပြီ။ ဒီဇင်ဘာလတွင် မနက်အာရုံတက်ခါနီးတွင် ဇောချွေးတို့ပြန်နေသည်။ ပြိုကွဲပျက်ဆီးသွားသော သူမ၏တိုင်းပြည်ကိုကြည့်ကာ ဝမ်းနည်းမိသည်။ သူမအတွေးထဲ ဝင်လာသည် ဘယ်လိုကြောင့် သူမနိုင်ငံတော်ံထက်ပို၍ တိုးတက်နေရသနည်း။ ရန်သူနယ်မြေသို့မြေပုံမှ ကဲကြည့်မိသည်။ ရန်သူနိုင်ငံ၏ ပြည်သူတို့သည် အင်နှင့်အားနှင့် သယံဇာတများကို တူးဖော်နေကြသည်။ ခိုင်ခံ့သော တံတိုင်းများ ၊ခေတ်မှီသော စစ်တပ်များ၊ စိုက်ခင်းများဖြင့် စည်ပင်သာယာဝပြောလှသည်။ ဘုရင်မကြီစဉ်းစားသည် နောက်တခါ ကစားလျှင် (ယောင်လို့) နောက်တခါအခွင့်အရေး၍ နိုင်ငံတော်တည် ထောင်ရမည်ဆိုလျှင် ဘာလုပ်ရမည်ကိုသိသည်။ ပြိုကွဲပျက်ဆီးသွားသော သူမ၏အင်ပါယ်ကြီးနေဝင်ချိန်ကို ဝမ်းနည်းကြေကွဲစွာ ဖြင့်ပြီးဆုံးတဲ့အထိကစားရင်း ကွန်ပျူတာ၏ တိုက်ကွက်များကို လေ့လာသင်ယူရင်း “ Game Over” . ဘုရင်မစက်တော်ခေါ်မှဖြစ်မည်။ မနက်ဖြန်တွင် အချိန်ပိုင်းအလုပ်သွားရန်ရှိသည်။ အခုမှသတိရသည် တိုင်းပြည်အတွက် ပူပင်သောကရောက်နေ၍ ရေတောင်မသောက်ဖြစ်၊ အာခြောက်လှပါ တကား။


ဒုတိယနေ့ မေမဒီအင်ပါယာ


ပထမနေ့မှ သင်ခန်းစာများရထားသော ကျွန်မသည် ဒုတိယနေ့၌ လူများကိုမြန်မြန်မွေး ထုတ် ၊တနိုင်ငံလုံး အင်တိုက်အားတိုက် တိုင်းပြည်တည်ဆောက်ရာတွင် ပါဝင်ကြသည်။ ကွန်ပျူတာ ခေတ်တခေတ်တက် လျှင်မေမဒီအင်ပါယာ လည်းခေတ်တခေတ်တက်နေသည်။ ရန်သူ၏ တိုးတက်မှုကို မျက်ခြေပျက်မခံ။ သစ်တောများခုတ်သည်၊ ရွှေတွင်းများတူးသည်။ ဘုရင်မကြီးမေမဒီသည် အတော်အလုပ်များနေသည်။ သင်တို့ထင်သလို ပုံပြင်ထဲက ဘုရင်မလို စည်းစိမ်များမ ခံစားနိုင်။ သူမ၏ ပြည်သူများကြားတွင် Cursor ရွှေ့ခြင်းဖြင်တိုင်းပြည်တိုးတက်တည်ဆောက် ရေးတွင် တတပ်တအား ပါဝင်နေသည်။့ေ၇တောင်မသောက် နိုင်အား။ သူမ၏ သူငယ်ချင်းများနှင့် အတင်းအဖျင်းတောင်မပြောအား။ ကွန်ပျူတာကိုသာမဲကြည့် နေသည်။ အိမ်ရှိ (သြော် နန်းတော်ရှိ) သူငယ်ချင်းများ မည်သူတွေလာ၍ မည်သူတွေ ထွက်သွားမှန်းမသိ။


ဒီလောက်ကြပ်ကြပ်မတ်မတ်တင်းကြပ်နေသည့်ကြားမှ ရန်သူတပ်သည် ဒီတခါရှေ့မှမဖြိုပါ ဘေးမှဝင်လာသည်။ ဘေးမှဝင်လာသဖြင့််အငိုက်မိသွားသည်။ ဘုရင်မသည် သူမ၏ ခေတ်မီသော စစ်တပ်ကို အမိန့်ပေးလိုက်သည် အသက်ပေးပြီကာကွယ်ရန်။ စစ်တပ်မှတပ်သား အချို့သွားသည်။ မရ။ ရှိသမျှတပ်ကိုစေလွှတ်သည် ကင်းစောင့်များသာကျန်သည်။ ကျူးကျော်ဝင်ရောက်လာသော ရန်သူကိုချေမှုန်း နိုင်ခဲ့ပြီ။


သို့သော် အရှေ့မြို့တံခါး ကျိုးသွားချေသည်။ ရန်သူတို့သည် ပင်မတံခါးကြီးမှဝင်လာခဲ့သည်။ မြို့ စောင့်တပ်ကိုမထားခဲ့သော သူမ၏အမှား ။ ပြည်သူတွေ၌အ ပြစ်မရှိ။ ဘုရင်မစိတ်ညစ်သည်။ ခံစစ်ကြောင့် ဘဏ္ဍာများတော်တော်ကုန်နေသည်။ အချိန်ကလည်းအတော်လင့်နေပြီ။ မနက်ဖြန် အလုပ်သွားရဦးမည်။ အရောင်းမြှင့်တင်ရေး ဝန်ထမ်းတယောက်အနေ ဖြင့် တနေကုန်မထိုင် ရပါ။ အချန်လည်းအတော်လင့်သွားပြီ။ မိုးပင်စင်စင်လင်းနေပြီ။ မေမဒီအင်ပါယာကျရှူံးခြင်း “Game Over”


တတိယနေ့ ၊ စတုတ္ထ နေ့


မေမဒီအင်ပါယာသည် ဘုရင်မကြီး၏ကြိုးပမ်းမှုကြောင့် ခံစစ်မှတိုက်စစ်များပင်ရန်ဖန်၇န် ခါထိုးတတ်လာသည်။ ရန်သူ၏ခံစစ်သည်လှသည်။ အုတ်တံတိုင်းတခုပေါက်လျှင် ပြည်သူတို့သည် ချက်ချင်းရောက်လာပြီး ပြုပြင်ကြသည်။ စစ်သားများကလည်း စစ်ကိုဆက်တိုက်နေသည်။ ခဏအကြာတွင် မြို့ရိုးတို့သည်ပြန်လည် ပိတ်သွားသည်။ မြို့ပြင်တွင်ကျန်ရစ်သော စစ်သားတို့သည် အသေခံ၍ တိုက်ကြသည်။ မှတ်သားလောက်စရာပါတကား။ ဘုရင်မကြီး၏ တိုက်ရည်ခိုက်ရည်ညံ့ဖျင်းမှု၊ တိုင်းပြည်အုပ်ချုပ်ရာတွင် ညံ့ဖျင်းမှုများကြောင့်မေမဒီ အင်ပါယာသည် နေ့စဉ်နေဝင် ရသည်။ တိုက်ရခိုက်ရလွန်းသဖြင့် ဘုရင်မကြီးမှာလည်း နေ့တိုင်းအိပ် ရေးပျက်ခြင်း၊ အလုပ်ထဲတွင် ခေါင်းမှူးခြင်း ၊ အိပ်ငိုက်ခြင်းဝေဒနာ များကိုစတင် ခံစားနေရ ပြီဖြစ်သည်။


စိတ်ဓာတ်ကျလာသောဘုရင်မ ၏ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်တို့သည် သူမ၏ ရိုးသာမှုစည်းကို ကျော်လွန်လာပြီဖြစ်သည်။ ထို့ကြောင့်သူမ၏ အခန်းဖော် အခြားနိုင်ငံဘုရင်မ မဏိစန္ဒီ အား ရင်ဖွင့်မိလေတော့သည်။ မဏိစန္ဒီသည် သူမအပေါ်သစ္စာရှိသည်။ သူမ၏ ရန်သူကို အပြတ်ချေမှုန်းနိုင်သော ‘cheat code’ ဟုခေါ်သောလက်နက်ကိုပေးလိုက်ပါသည်။ ဒီနေ့အဖို့တော့"Game Over"


မေမဒီ (ဆက်လက်ဖော်ပြပါမည်)

1 comment:

  1. စောင့် ဖတ်နေပါတယ် ... အခန်းဆက်တွေကလည်း များလိုက်တား)))

    ReplyDelete